လေ့ကျင့်ခန်းလုပ်ဖို့ မဖြစ်မနေ Gym သွားရမှာလား
လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ခန္ဓာကိုယ်အလှအပအတွက်တင်မကဘဲ ကျန်းမာရေးအတွက်လည်း ထောင့်ပေါင်းစုံကနေ ကောင်းကျိုးများစွာ ပေးနိုင်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒါကြောင့် ကျန်းမာရေးပညာရှင်တွေကနေ လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းကြတဲ့အခါ လူအများစုက Gym သွားကစားဖို့ကိုပဲ စိတ်ထဲ အာရုံစိုက်ထားတတ်ကြပါတယ်။
မဖြစ်မနေ Gym သွားဖို့ လိုအပ်လား?
ဒါကတော့ ကိုယ်လေ့ကျင့်ခန်းလုပ်ရတဲ့ ပန်းတိုင်ကို အရင်ဆုံးသိဖို့လိုမှာပါ။ အကယ်လို့ ကိုယ်က အပြင်ပန်း ခန္ဓာကိုယ်အချိုးအစားကို လုံးဝပြောင်းပစ်ချင်တယ်၊ အလှအပကို ဦးစားပေးမယ်ဆိုရင်တော့ Gym မှာ နည်းပြဆရာနဲ့ စနစ်တကျ၊ နည်းမှန်လမ်းမှန် လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် ကိုယ်လိုချင်တဲ့ Result ကို အချိန်တိုအတွင်းမှာ ရနိုင်မှာပါ။ ဒီလိုမှမဟုတ်ဘဲ
- အလုပ်အရမ်းများတာကြောင့် Gym သွားဖို့ တကူးတက အချိန်မပေးနိုင်သူတွေ
- ကျန်းမာရေးပြဿနာကြောင့် Gym မှာရှိတဲ့ အလေးအပင် မမနိုင်သူတွေ၊ စက်ပစ္စည်း အသုံးမပြုနိုင်သူတွေ
- အသက်အရွယ်ကြီးရင့်သူတွေ
- အလှအပထက် ကျန်းမာရေးကိုပဲ ဦးစားပေးသူတွေ
- ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ
- အရိုးအဆစ် ထိခိုက်ထားသူတွေ
- အရွယ်ငယ်သေးတာကြောင့် Gym ကစားဖို့ အဆင်မပြေသူတွေ
- ကိုယ့်အနီးအနားမှာ နည်းစနစ်ကျကျ Train ပေးတဲ့ Gym ခန်းမ၊ နည်းပြ မရှိသူတွေ
- ကိုဗစ်ကိုကြောက်တဲ့၊ Hygiene ကြောင့် လူအများ စုဝေးတဲ့နေရာတွေမှာ လေ့ကျင့်ခန်းမလုပ်ချင်သူတွေဆိုရင် Gym သွားဖို့ မလိုပါဘူး။
Gym မသွားဘဲ ဘယ်လိုလေ့ကျင့်ခန်းမျိုးတွေကို ဦးစားပေးလုပ်သင့်လဲ?
Gym မသွားဘူးဆိုရင်တော့ ကိုယ့်သဘောအတိုင်း ကျန်းမာရေးအတွက် သင့်တော်မယ့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေကို ကိုယ့်နေအိမ်၊ အနီးပတ်ဝန်းကျင်၊ လူစုလူဝေးနဲ့ ဆော့ကစားနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေထဲက ယေဘုယျ လိုက်စားလေ့ရှိတဲ့ လေ့ကျင့်ခန်းတွေကတော့
- လမ်းလျှောက်တာ၊ ပြေးတာ
- အပေါ်အောက် လှေကားအတက်အဆင်း လုပ်ပေးတာ
- ရေကူးတာ၊ ဘောလုံးကန်တာ ဒါမှမဟုတ် ကိုယ်ကြိုက်နှစ်သက်တဲ့ အားကစားလိုက်စားတာ
- ဒိုက်ထိုးတာ၊ အိပ်ထမတင်လုပ်တာ
- ထိုင်ထလုပ်တာ
- လေးပင်တဲ့ ပစ္စည်းတွေကို ထမ်းမပေးတာ
- တန်းတွေမှာ လက်နဲ့ဆွဲပြီး ဘားခိုတာ
- Boxing ထိုးတာ
- မြူးကြွတဲ့ သီချင်းသံတွေအောက်မှာ ကခုန်တာ
- အွန်လိုင်းကနေ ယောဂလေ့ကျင့်ခန်း လုပ်ပေးတာ
- တရားထိုင်တာမျိုး လုပ်ပေးနိုင်ပါတယ်။
Gym သွားပြီး လေ့ကျင့်ခန်းမလုပ်ဘဲ ကိုယ့်ဖာသာ ကိုယ့်သဘောအတိုင်း လုပ်တဲ့နေရာမှာ ကန့်သတ်ချက်တွေ မရှိပေမဲ့ အပျင်းတစ်တတ်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို Motivation ပြန်ပေးဖို့ လိုအပ်နိုင်ပါတယ်။ ဒီအတွက်
- ဘာကြောင့် လေ့ကျင့်ခန်းစလုပ်တာလဲဆိုတဲ့ အကြောင်းရင်းကို အမြဲတမ်း စိတ်ထဲမှာ မှတ်ထားပါ။
- လေ့ကျင့်ခန်းလုပ်တာကို အပိုအလုပ်တစ်ခုထက် ကိုယ့်ကျန်းမာရေး၊ ကိုယ့်ဘဝအတွက် ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုလို့ မြင်ပါ။
- လေ့ကျင့်ခန်းအပြင် အစာအာဟာရ၊ နေထိုင်မှုပုံစံတွေကိုလည်း ဂရုစိုက်ဖို့ မမေ့ပါနဲ့။
- ကိုယ်နဲ့ ကိုက်ညီမယ့် လေ့ကျင့်ခန်းအမျိုးအစားတွေကို အွန်လိုင်းကနေ အမြဲရှာဖွေလေ့လာပါ။
- ကိုယ်တစ်ယောက်တည်း လေ့ကျင့်ခန်းလုပ်ဖို့ Motivate ပြန်ပေးပါ။ ဒါမှမဟုတ် မိသားစုနဲ့အတူ လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းလိုက်စားခြင်းဟာ ပျော်ရွှင်စရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရစေမယ့် အဓိကသော့ချက်ဖြစ်တာကြောင့် ကိုယ့်ကျန်းမာရေးနဲ့ လိုက်ဖက်ညီတဲ့ နေထိုင်မှုပုံစံ၊ အမူအကျင့်တွေကို စောစီးစွာ လိုက်နာခြင်းက အကျိုးထူးများစွာ ရှိစေနိုင်ပါတယ်။
ရဲမျိုးမြတ်